ဒီနှလုံးသားမှာ ဖန်ဆင်းမိတာက
အရောင်ခြယ်သမှုကင်းတဲ့ အချစ်စစ်တစ်ခုပါ
သ၀န်တိုတတ်တဲ့ အတ္တ တစ်ခုကလွဲရင်
နင့်အတွက် အရာရာပေးဆပ်ချင်ခဲ့တာကိုမှ
နင်ဘာသာပြန်ပစ်လိုက်တာက
ရင်ခွင်ကို မယုံကြည်ခြင်းများတဲ့
ငါ့နှလုံးသားကိုလေ မြင်အောင်မကြည့်နိုင်သေးတာလား
ဒါမှမဟုတ်ရင်
အချစ်စစ်တစ်ခုကို မြင်အောင်ကြည့်နိုင်ဖို့
နင့်ရင်ခွင်မှာ ငါ့အတွက်နေရာမရှိသေးတာလား......။
သွေးထိုးစကားတွေကြောင့်သာ
အတွေးမှားတွေရင်ခွင်ကိုအုပ်စိုးခံရလျှင်
ရင်တွင်းကိုယ်စီက အချစ်စစ်စစ်တွေ
ခမ်းခြောက်သွားနိုင်တယ်ဆိုတာလည်း
နင်သိနိုင်မယ်ထင်ပါရဲ့
မြတ်နိုးစွာနဲ့တောင်းပန်ပါတယ်
သံသယမီးတွေတော့ လောင်မြိုက်မခံပါနဲ့
တကယ်ပါ
ငါ့ရင်ခွင်ကိုလွှမ်းခြုံထားတာက
နင့်ကိုချစ်လို့ဖြစ်တည်လာတဲ့
အကြင်နာဝတ်ရုံလွှာတစ်ခုတည်းပါ
တခြားသောခံစားမှုတွေတောင်
နင့်ကိုချစ်မိတဲ့ ဆန္ဒ တွေအောက်မှာ
ပျောက်ဆုံးသွားခဲ့ကြရတယ်ဆိုရင် ယုံပါ့မလား........။
လိမ်ညာရည်ရွယ်ကာ ပုံဖော်ထုဆစ်
ဟန်ဆောင်ရုပ်ပြတွေရေးခြစ်နေရအောင်
ငါ့ရင်ခွင် မြက်ခင်းစိမ်းတွေပေါ်မှာ
ဘယ်သူမှခြေရာချ မနင်းနိုင်ခဲ့သေးတာအမှန်ပါ
နင်တစ်ယောက်သာပဲ
နင်တစ်ယောက်တည်းသာသီးသန့်ပဲ
ဟိုး..........အနက်ရှိုင်းဆုံးနေရာထိ
အရှိန်ပြင်းပြင်းထိုးဖောက်ဝင်ရောက်လာခဲ့တာ
နင်ကိုယ်တိုင် ထိုးစိုက်ဖို့မရည်ရွယ်ဘူးဆိုလည်း
အကြင်နာအချစ်ဆူးတစ်ချောင်းကတော့
ဒီရင်မှာ စူးနစ်ဝင်နေခဲ့ပြီးပြီ။
နင်မယုံကြည်ပေးလို့စိတ်ညစ်မိတိုင်း
ရင်ဇွင့်စရာအဖော်က နထ္ထိ
စာနာနားလည်ပေးသူလည်းမရှိနဲ့
လူမသိအောင်တိတ်တဆိတ်ကြေကွဲရခြင်းမှာ
ဖြေသာနေနိုင်စေဖို့က
စာအုပ်တစ်အုပ်နဲ့ ဘော့လ်ပင်တစ်ချောင်းကိုယူ
ကဗျာသီဖွဲ့လိုက်ခြင်းပါပဲ
တကယ်လို့များ
ရင်တွင်းစကားစစ်စစ်ကိုကြားချင်ရင်
ငါ့နှလုံးသားရဲ့ကဗျာတွေကို
နင့်နှလုံးနဲ့ ဖတ်ကြည့်ပေးဖို့ပြောချင်လည်း
နောက်တစ်ကြိမ် မယုံဘူးထပ်ပြောမှာ
ငါ စိုးကြောက်နေမိခဲ့သေးတယ်......။
ငါ့ရင်ခွင်မှာတည်ရှိခဲ့တဲ့
ဟန်ဆောင်တယ်ဆိုတဲ့ အရာရာတိုင်းဟာ
ချစ်မိတာကို မမြင်အောင်ကာကွယ်ခြင်းကလွဲရင်
နင့်အတွက်တည်ခင်းထားခဲ့သမျှက
စစ်မှန်သောရိုးသားခြင်းတွေပါ
ငါလေ.....
ရိုးရိုးသားသား ချစ်တယ်
ရိုးရိုးသားသား နမ်းမယ်
ရိုးရိုးသားသား လွမ်းတယ်
ဆိုးဆေးမပါတဲ့နှလုံးသားဆိုတာ
နင်မြင်လာနိုင်ဖို့
ဒူးထောက်တောင်းပန်မှရမှာလား
ဒီရင်ခွင်ကို
နားလည်ပေးမယ့် နှလုံးသားတစ်စုံနဲ့
တစ်ချက်လောက်တော့ စောင့်ငဲ့ကြည့်ပေးပါဦး......။
0 comments:
Post a Comment